သစ်ပင်နဲ့လက်ထပ်ခဲ့တဲ့ အမျိုးသမီး အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်ပွဲဆင်နွှဲ

သစ်ပင်တစ်ပင်နဲ့ တရားဝင်လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ အခုအခါမှာတော့ အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်ပွဲကို ဆင်နွှဲခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသမီးအမည်ကတော့ Kate Cunningham ဖြစ်ပြီး၊ မျိုးရိုးအမည်ကိုတော့ Elder လို့ ပြောင်းလိုက်ကြောင်း သိရပါတယ်။ အကြောင်းကတော့ သူမ လက်ထပ်လိုက်တဲ့ သစ်ပင်အမည်က Elder Tree ဖြစ်လို့ပါ။

Kate ဟာ ခင်ပွန်းဖြစ်တဲ့ သစ်ပင်ကို နှစ်နှစ်ကာကာချစ်မိလို့ လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သစ်ပင်ကလည်း သူမကို ပြန်ချစ်တယ်ဆိုတာ စိတ်အာရုံခံစားချက်အရ သိရှိကြောင်း၊ ဒါကြောင့် ဘယ်တော့မှ သူတို့နှစ်ဦး ကွာရှင်းမှာ မဟုတ်ကြဘူးလို့ ဆိုထားပါတယ်။ Kate ဟာ လူသားချစ်သူအမျိုးသားနဲ့ ကလေးနှစ်ယောက် ရခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့စနေနေ့က အပြီးတိုင်လမ်းခွဲလိုက်ကြပါသတဲ့။

ပထမတော့ ပြီးခဲ့တဲ့တစ်နှစ်လောက်က လက်ထပ်ခဲ့တဲ့ သစ်ပင်နဲ့ ထာဝရမပေါင်းရတော့ဘူးလို့ ထင်ခဲ့ပေမယ့်၊ လူသားချစ်သူ ပတ်သက်မှုမရှိတော့ချိန်မှာတော့ သူမရဲ့ သစ္စာတရားက တကယ်ခိုင်မြဲသွားပြီလို့ ဆိုပါတယ်။ Kate ဟာ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက Sefton, Merseyside မှာတည်ရှိတဲ့-

Rimrose Valley Country Park ပန်းခြံထဲက Elder Tree ပင်ကြီးနဲ့ လက်ထပ်ခဲ့တာပါ။ ဒီသစ်ပင်ကြီးကို လက်ထပ်ခဲ့လို့လည်း သူမက နောင်တမရပါဘူးတဲ့။ တစ်ပတ်ကို (၅)ရက်တိုင်တိုင် သစ်ပင်ကြီးဆီ သွားရောက်လည်ပတ်ပါတယ်တဲ့။ သူမက ” သစ်ပင်တွေဟာ အမြဲတမ်း ရှေ့တန်းကနေပါတယ် … သူတို့က ကျွန်မတို့ အသက်ရှင်ဖို့ ထောက်ပံ့ပေးတယ် …. အခု ဒီသစ်ပင်ကို လက်ထပ်လိုက်တာ ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ “လို့ ပြောပါတယ်။

တစ်နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်ကိုတော့ သူငယ်ချင်းတွေနဲ့အတူ သစ်ပင်ကြီးရှိရာကို သွားရောက်ကျင်းပခဲ့ပြီး၊ အချိန်တော်တော်ကြာအောင် အဲဒီမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သစ်ပင်ကို လက်ထပ်လိုက်ခြင်းက သူမအတွက် အသက်ရှင်ဖို့ ဒါမှမဟုတ် ဘဝရပ်တည်ဖို့ အထောက်အပံ့တစ်ခု ရလိုက်တာနဲ့ အတူတူပဲလို့ Kate က ပြောပါတယ်။

သဘာဝမတူတဲ့ အရာဝတ္ထုတွေနဲ့ လက်ထပ်တာဟာ အနောက်ဥရောပမှာတော့ ဆန်းကျယ်တဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဘာလင်တံတိုင်းနဲ့ လက်ထပ်တဲ့ အမျိုးသမီးတစ်ဦးအကြောင်း၊ မော်တော်ကားနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း၊ ရထားဘူတာရုံနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးအကြောင်း၊ အခုလိုပဲ သစ်ပင်၊ မီးခိုးခေါင်းတိုင်၊ သင်္ဘော စတဲ့အရာတွေနဲ့ လက်ထပ်သူတွေအကြောင်းဟာ ကြားလေ့ကြားထရှိတဲ့ သတင်းမျိုး ဖြစ်ပါတယ်။

credit – myanmarnote