
ကောင်လေးတစ်ယောက်ဟာ ဖုန်းနံပါတ်အမှားနဲ့ အိမ်လိပ်စာအတိကျ မပေးခဲ့တဲ့ သူစိမ်းကောင်မလေးတစ်ယောက်ကို ပြန်လည်ဆက်သွယ်ဖို့အတွက် ရည်းစားစာ အစောင် (၁၀၀) ကျော်ကို ရေးသား ပေးပို့ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ နော်တင်ဟန်တက္ကသိုလ်က တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Serban Raia ဟာ နော်တင်ဟန်မှာရှိတဲ့ Radford ပန်းခြံကို အလည်သွားရင်း Amy ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
Serban ဟာ Amy နဲ့ အချိန်အနည်းငယ်အကြာ စကားပြောဖြစ်ခဲ့ပြီး နောက်တစ်ရက်မှာ Amy နဲ့ Peak District ဆိုတဲ့ပန်းခြံမှာ ပြန်လည်တွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။ Serban ဟာ အိမ်ပြန်ရောက်တဲ့အခါမှာတော့ Amy ပေးထားတဲ့ ဖုန်းနံပါတ်ကို ခေါ်လို့မရခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့အနေနဲ့ Amy ပေးခဲ့တဲ့ဖုန်းနံပါတ်ကို မှားယွင်းစွာမှတ်သားခဲ့မိတယ်လို့ပဲ မှတ်ယူခဲ့ပါတယ်။ အဲ့ဒါကြောင့် Serban ဟာ Amy ကို ရှာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒါပေမယ့် Amy က သူမ နေထိုင်တဲ့လိပ်စာကိုလည်း အတိအကျမပေးခဲ့တာကြောင့် Serban တစ်ယောက်အခက်တွေ့ခဲ့ပါတယ်။ Serban ဟာ Amy နဲ့အဆက်သွယ်ရဖို့ သူမ ပေးခဲ့တဲ့လိပ်စာထဲက အနီးအနားတဝိုက်မှာရှိတဲ့အိမ်တိုင်းကို ရည်းစားစာ အစောင်(၁၀၀)ကျော်ရေးပြီး ပေးပို့ခဲ့ပါတယ်။
စာထဲမှာတော့ ” ဟိုတနေ့က Radford ပန်းခြံထဲမှာ ငါက တီရှပ်အဝါနဲ့ လိမ္မော်ရောင်ဘောင်းဘီတို ဝတ်ထားပြီး မင်းကတော့ အရမ်းကိုလှပြီး ကျက်သရေ ရှိနေခဲ့တယ်။ ငါ မင်းနဲ့ စကားပြောရတာကို နှစ်သက်တယ်။ မင်း ငါ့ကို ဖုန်းနံပါတ်ပေးခဲ့တုန်းက သေချာပြန်မစစ်ခဲ့မိတဲ့အတွက် ငါ့ကိုယ်ငါ စိတ်ပျက်မိတယ်။ ဖုန်းနံပါတ်က မှားနေတော့ မင်းကို ဆက်သွယ်မရခဲ့ဘူး။ မင်းကို အရေးမစိုက်သလို ဖြစ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ”
” ခုလို အဖြစ်ဆိုးတဲ့ကံကြမ္မာအတွက်ကြောင့်ပဲ မင်းနဲ့ပြန်တွေ့ဆုံဖို့ စီစဉ်ထားတဲ့အရာတွေကို အပျက်မနိုင်ပါဘူး။ ဒါကြောင့် မင်းပေးထားခဲ့တဲ့လိပ်စာထဲက လမ်းအနီးတဝိုက်မှာ ရှိတဲ့အိမ်တိုင်းကို စာရေးပြီးပို့လိုက်ပါတယ်။” ” ဒီစာကို မင်းဆီ ရောက်ပါစေလို့ မျှော်လင့်ပါတယ်။ စာကိုရတာနဲ့ ငါ့ဆီကို အကြောင်းပြန်ပေးပါ။ Serban “လို့ ရေးသားထားခဲ့ပါတယ်။ Serban ဟာ Amy ဆီက ဘာအဆက်အသွယ်မှ ပြန်မရသေးပေမယ့် သူပေးပို့ခဲ့တဲ့ အိမ်တွေကနေတော့ စာအချို့ပြန်လည် ရရှိခဲ့ပါတယ်။ အိမ်တစ်အိမ်က Serban ဆီကို ပြန်လည်ပေးပို့ထားတဲ့စာမှာတော့ ” မင်းရဲ့လုပ်ရပ်ကို သဘောကျမိတယ်။ Amy နဲ့ အမြန်ပြန်လည်ဆုံစည်းနိုင်ပါစေ ” လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် စာတစ်စောင်မှာတော့ ” Serban ခင်ဗျား Amy ကို ရှာတွေ့ပြီလား။ မင်းရဲ့အဖြစ်အပျက်က ငါ့ကို စိတ်လှုပ်ရှားစေခဲ့တယ်။” လို့ ရေးသားထားခဲ့ပါတယ်။ Serban အနေကနဲ့တော့ သူ့ရဲ့ crush ဆီက အဆက်အသွယ် ပြန်လည်မရရှိခဲ့သေးပေမယ့် တနေ့ကျရင် ပြန်ဆုံကြမှာပါလို့ အကောင်းမြင်နေပါတယ်။
ကျောင်းသားနဲ့ လူငယ်သတင်းတွေကို ရေးသားတဲ့ The Tab သတင်း Website က ဆက်သွယ်မေးမြန်ခဲ့ရာမှာတော့ Serban က ” အဖြစ်အပျက်က ကျွန်တော်ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားခဲ့တာပဲလေ ဖြစ်မလာတော့လဲ ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့စကားပြောခဲ့တဲ့ အချိန်တုန်းက အဆင်ပြေနေခဲ့တော့ ကျွန်တော်လည်း သူ့ကို ယုံမိသွားပါတယ်။ ဒါပေမယ့် သူမအနေနဲ့ ကျွန်တော့်ကို ထပ်ပြီးစကားမပြောချင်တော့တာလည်း ဖြစ်ချင်ဖြစ်မှာပါ ” လို့ ပြောပြခဲ့ပါတယ်။ Serban ဟာ လက်ရှိမှာတော့ Psychology with Cognitive Neuroscience ဘာသာရပ်ကို နော်တင်ဟန်တက္ကသိုလ်မှာ သင်ကြားလျက်ရှိပါတယ်။