အမေ မရှိတဲ့သားအတွက် အမေများနေ့မှာ အမျိုးသမီးဝတ်စုံနဲ့ ပွဲတက်ခဲ့တဲ့ဖခင်

မိဘတွေဟာ ကိုယ့်ရဲ့သားသမီးတွေကို အကောင်းဆုံးဖြစ်အောင် ထားချင်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ဆက်ဆံရေးတစ်ခုကို ဘယ်လောက်ပဲကောင်းမွန်အောင်ထိန်းသိမ်းနေပါ‌စေ တစ်စုံတစ်ယောက်ကို အတင်းအကျပ်စေခိုင်းပြီး ချစ်ခိုင်းလို့တော့ မရပါဘူး။

အကြောင်းအမျိုးမျိုးနဲ့ မိဘတွေရဲ့ သဘောထားမတိုက်ဆိုင်မှုကြောင့် ကွဲကွာသွားခဲ့တဲ့ မိသားစုတွေလည်း အများကြီးရှိကြပါတယ်။ အိမ်ထောင်တစ်ခုမှာ မိဘတစ်ဦးက ခွဲခွာသွားတဲ့အခါမှာလည်း ကျန်ခဲ့တဲ့မိဘတစ်ဦးဟာ သားသမီးအားလုံးကို တာဝန်ယူစောင့်ရှောက်ကြရမှာပါ။

များသောအားဖြင့် ကလေးများကို မိခင်က စောင့်ရှောက်လေ့ရှိကြပေမယ့် ဖခင်က သားသမီးတွေကို လူလားမြောက်အောင် ပြုစုပျိုးထောင်ရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ထိုင်းနိုင်ငံမှအသက် ၃၂နှစ်အရွယ် Chatchai Parn-uthai လို့ခေါ်တဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့သားအားမငယ်စေဖို့အတွက် အမေများနေ့အခမ်းအနားကို တက်ရောက်ပေးဖို့ ပန်းရောင်အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ကာ ခေါင်းမှာဖဲပြားလေးတပ်ပြီး အခမ်းအနားကိုတက်ရောက်ပေးခဲ့ပါတယ်။

သူ့ရဲ့သားကိုချစ်တဲ့ကြီးမားလွန်းတဲ့မေတ္တာဟာ အခမ်းအနားထဲမှာ ရှက်ကြောက်စိတ်လုံးဝမရှိခဲ့ပါဘူး။ ကမ္ဘာ့အမေများနေ့ကို မေလအတွင်းမှာကျင်းပကြပေမယ့် ထိုင်းနိုင်ငံမှာ သူတို့ရဲ့ဘုရင့်မိဖုရားကြီး Sirikit ရဲ့မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁၂ မှာကျင်းပကြပါတယ်။Chatchai မှာတော့ အသက် ၃ နှစ်နဲ့ ၅ နှစ်အရွယ်ကလေးနှစ်ဦးရှိပြီး သူရဲ့ဇနီးကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့ရဲ့မိသားစုထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

အမေများနေ့မှာ ကလေးတွေဟာ သူတို့ရဲ့မိခင်တွေနဲ့အတူ ပျော်ရွှင်စွာဆင်နွှဲ့လေ့ရှိကြပေမယ့် Chatchai ရဲ့ကလေးနှစ်ဦးမှာတော့ မိခင်မရှိတာကြောင့် ကျင်းပခွင့်မရကြပါဘူး။ ဒါကြောင့် Chatchai ဟာ သူ့ကလေးတွေကို ပျော်ရွင်စရာအချိန်ကောင်းတွေ ပေးချင်တာကြောင့် သူ့အနေနဲ့အမျိုးသမီးလို ဝတ်စားဖို့ဆုံးဖြတ်ခဲ့တာပါ။

“ကျွန်တော်ဟာ ကလေးနှစ်ဦးရဲ့ဖခင်တစ်ယောက်ပါ။ ကျွန်တော်သားတွေအတွက်ဆို ဘာမဆိုလုပ်နိုင်တယ်”လို့ Chatchai ကဆိုပါတယ်။ “ကျွန်တော်ကလေးတွေ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတာကိုမလိုချင်ပါဘူး။ သူတို့အမြဲပျော်နေတာပဲမြင်ချင်တာပါ။ ကျွန်တော် ဒီအမျိုးသမီးဝတ်စုံကို ဝတ်ရလို့လုံးဝမရှက်ပါဘူး။ အဲဒါက ကျွန်တော်သားတွေကို အရမ်းချစ်လို့ပါပဲ။ သူတို့ပျော်နေတာမြင်ရတဲ့ကာလပတ်လုံး ကျွန်တော်ပေးဆပ်ရကျိုးနပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူတွေက သူ့ရဲ့ဝတ်စုံကိုကြည့်ပြီး ပြုံးရီခဲ့ကြပေမယ့် Chatchai ကတော့ သူ့ရဲ့သားတွေပျော်ရွှင်စေဖို့အတွက် သူ့ရဲ့အရှက်သိက္ခာတွေကို လျစ်လျူရှုထားခဲ့ပါတယ်။

Video ကြည့်ရန်

Gepostet von Kornpat Ae Sukhom am Donnerstag, 9. August 2018