
အမျိုးသားတစ်ဦးဟာ ဝမ်းနည်းစရာကောင်းလှစွာဘဲ ကိုရိုနာဗိုင်းရပ်ကြောင့် အသက်ဆုံးပါးသွားခဲ့ပါတယ်။ထိုအမျိုးသားဟာ ဇနီးသည် ကိုရိုနာဗိုင်းရပ်နဲ့ မသေဆုံးမှီအချိန်မှာ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် သုံးပတ်ခန့်အကြာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ Sam Reck လို့အမည်ရတဲ့ အသက် ၉၀နှစ်အရွယ် ထိုအမျိုးသားဟာ ဖလော်ရီဒါရှိ Lakeland ဒေသဆိုင်ရာကျန်းမာရေးစင်တာတွင်ရှိသော ဇနီးဖြစ်သူ JoAnn အသက် ၈၆နှစ်ကို မသေဆုံးခင်နောက်ဆုံးအကြိမ် သွားရောက်ကြည့်ရှုချင်ခဲ့တာဖြစ်ပါတယ်။
ဇနီးဖြစ်သူ JoAnn ကိုရိုနာဗိုင်းရပ်ကြောင့် သေလုမြောပါးဖြစ်နေချိန်မှာ ဆရာဝန်များက Sam အား လူကိုယ်တိုင်သွားရောက် နှုတ်ဆက်စကားပြောခြင်းဟာ ဗိုင်းရပ်ပိုးကူးဆက်ခံရပြီး အသက်အန္တရာယ်ရှိကြောင်း သတိပေးခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဇနီးကိုတွေ့ဆုံဖို့ဆုံးဖြတ်ချက်ချထားပြီးဖြစ်တဲ့ Sam ဟာ ဆေးဘက်ဆိုင်ရာ ညွန်ကြားချက်တွေကိုလည်းလစ်လျူရှူပြီး ဇနီးဖြစ်သူ သေဆုံးခဲ့တဲ့ ဂျူလိုင်လ ၁၂ရက်နေ့အထိ သူမရဲ့အနားမှာအတူရှိနေခဲ့ပါတယ်။ ထိုရလာဒ်ကြောင့်ပဲ Sam ဟာလည်း ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံလိုက်ရပါတယ်။
Sam ကတော့ ဩဂုတ်လ ၁ ရက်နေ့မှာကွယ်လွန်ခဲ့ပြီး သူ မသေဆုံးခင်မှာတော့ သူ့အနေနဲ့ ဒီလိုမျိုးလုပ်ခဲ့တာ နောင်တမရကြောင်းနဲ့ ဇနီးဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ခွင့်ရခဲ့တဲ့အတွက်လည်း သူအရမ်းပျော်ရွှင်ရကြောင်း မိသားစုကိုပြောခဲ့ပါတယ်။ သူတို့ရဲ့ သားကြီးဖြစ်သူ Scott Hooper ကတော့ ဖေ့ဘွတ်ပေါ်မှာ မိဘတွေရဲ့ ချစ်ခြင်းကိုလေးစားသောအားဖြင့်စာလေးတစ်ခုရေးတင်ခဲ့ပါတယ်။
” လွန်ခဲ့တဲ့သုံးပတ်ခန့်လောက်က အမေကိုဆုံးရှုံးခဲ့ရသလိုပဲ ဒီနေ့မှာတော့ ကျွန်တော်တို့အဖေ့ကိုပါ ဆုံးရှုံးလိုက်ရပါပြီ။ အမေ့ကိုနောက်ဆုံးမြင်တွေ့ခဲ့ရချိန်တုန်းက ခံစားခဲ့ရတဲ့အတိုင်း အခုချိန်မှာတော့အဖေလည်းပဲ အမေ့လိုရောဂါခံစားရကာထွက်သွားခဲ့ပါပြီ။ ကျွန်တော်တို့အားလုံး အမေ့ကိုနောက်ဆုံးနှုတ်ဆက်ခဲ့တဲ့အချိန်တုန်းက အဖေလည်း ရှိနေခဲ့ပါတယ်။ သူက အမေရောဂါခံစားနေရတာကိုကြည့်ပြီးအရမ်းကြေကွဲနေခဲ့တာပါ။ အဖေ ကိုရိုနာဗိုင်းရပ်ပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့အခါမှာတော့ ကျွန်တော် သူ့ကို အမေ့အနားကိုသွားခဲ့တဲ့အတွက် နောင်တရလားလို့မေးလိုက်တဲ့အခါမှာတော့ သူကချက်ချင်းဘဲ တစ်စက္ကန့်တောင် နောင်တမရဘူးလို့ဖြေခဲ့ပါတယ်။ ပြီးတော့ အဖေက ငါဘာပဲဖြစ်နေပါစေပြဿနာမရှိဘူး။ သူ့ရဲ့လက်ကိုကိုင်ပြီး နောက်ဆုံးအကြိမ်နှုတ်ဆက်ခွင့်ရခဲ့တာကိုပဲ အရမ်းပျော်ရွှင်တာလို့ပြောခဲ့သူပါ”လို့ရေးသားထားတာဖြစ်ပါတယ်။
Scott ရဲ့ရေးသားပြချက်အရ တချိန်က အမေဖြစ်သူ စိတ်ဖောက်ပြန်တဲ့ဝေဒနာကို ခံစားခဲ့ရစဥ်အခါကလည်း အမေ့ရဲ့ နေ့စဉ်ဘဝရဲ့ အခက်အခဲတွေကို အဖေကကူညီပြီးပါရမီဖြည့်ခဲ့တာပါလို့ဆိုပါတယ်။ အဲ့ဒီအချိန်အမေဆေးရုံတက်တုန်းက အဖေဟာ မနက်တိုင်း သူ့ရဲ့ဆိုင်ကယ်နဲ့သူမရဲ့အနားကိုသွားပြီး တနေကုန်နေခဲ့ကာ ညဘက်မှာတော့ သူမကိုအနမ်းနဲ့နှုတ်ဆက်ပြီးမှ သူရဲ့အိမ်ကိုပြန်လာလေ့ရှိပါတယ်။
နောက်ဆုံးအနေနဲ့ Scott ရေးထားတာကတော့ “ကျွန်တော်တို့မိသားစုအပေါ်လည်း အရမ်းတာဝန်ကျေပြီး အမေ့ကိုလည်းအရမ်းချစ်တဲ့ အဖေ့ကိုကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်တို့အားလုံးလည်း အဖေ့ကိုချစ်ပါတယ်။ အခုချိန်မှာတော့ အဖေနဲ့အမေ အတူတူ bluegrass တေးဂီတကိုနားထောင်နေကြမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ဝမ်းနည်းစွာရေးသားထားတာကိုတွေ့ရပါတယ်။