
ဖခင်ရှိတဲ့ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အချိန်ကာလတွေမှာ ” အဖေရေ သား ဒါကိုဘယ်လိုလုပ်မလဲ ” ဆိုပြီး မေးလို့ရပေမယ့် ဖခင်မရှိတဲ့ကလေးငယ်တွေအတွက်ကတော့ ဒီမေးခွန်းကို မေးခွင့်မရှိကြပါဘူး။ အမေရိကန်နိုင်ငံ ဝါရှင်တန်မှ အမျိုးသားတစ်ဦးဟာ အဖေမရှိကြတဲ့ကလေးငယ်တွေအတွက် အဖေတစ်ယောက်က သင်ကြားပေးတဲ့ အကြောင်းအရာတွေကို ဗီဒီယိုပြုလုပ်ခဲ့ပြီး ခြောက်ရက်တာကာလအတွင်း YouTube မှာ subscriber ၁သန်းခွဲအထိ ရရှိသွားခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကိုတော့ unilad သတင်းဌာနကနေ ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ထိုအမျိုးသားရဲ့ အမည်ကဝောာ့ Rob Kenney ဖြစ်ပြီး သူ ၁၄နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူမှ မိသားစုကနေ ထွက်ခွာသွားခဲ့ပြီး အစ်ကိုဖြစ်သူနဲ့အတူဘဝကို ဆက်လက်ဖြတ်သန်းခဲ့ရပါတယ်။
Rob ဟာ ဖခင်ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ အစ်ကိုဖြစ်သူကပဲ ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာကြောင့် သူရဲ့အစ်ကိုကို ကျေးဇူးတင်လျက် ရှိခဲ့ပါတယ်။ ဆယ်စုနှစ်များစွာကြာပြီးနောက် Rob ဟာ အသက်၂၉နှစ်အရွယ် ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့ကာ ကလေးနှစ်ဦးမွေးဖွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Rob ဟာ သူရဲ့ကလေးတွေနဲ့အတူ ဘဝကိုဖြတ်သန်းရင်း အကြံဉာဏ်တစ်ခုကို ရခဲ့ပါတယ်။ အဲ့ဒါကတော့ မိဘမဲ့ကလေးတွေအတွက် ဖခင်တစ်ဦးမှ မိမိသားသမီးတွေကို ပုံမှန်သင်ပြလေ့ရှိတဲ့အရာတွေနဲ့ ဗီဒီယိုသင်ခန်းစာလေးတွေပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
သူရဲ့ YouTube channel ဖြစ်တဲ့ (Dad, how do I?) ကနေ ဗီဒီယိုသင်ခန်းစာများကို မုတ်ဆိတ်မွေးရိတ်တာတွေ၊ ရေငုတ်နည်းတွေ၊ ကားတာယာလဲနည်းတွေနဲ့ နက်တိုင်ကို ဘယ်လိုချည်ရမလဲ အစရှိတဲ့ အကြောင်းအရာများကို သင်းကြားပြသပေးလျက်ရှိပါတယ်။ သူ့ကို အောင်မြင်မှုတွေ ပိုမိုရရှိစေခဲ့တာကတော့ သိပ်မကြာသေးခင်က Youtube ပေါ်တင်ခဲ့တဲ့ “Thank You!” ဆိုတဲ့ ဗီဒီယိုလေးကပဲဖြစ်ပြီး သူ့ဘဝကို ကံဆိုးစေခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း ပြောပြထားပါတယ်။
Rob ဟာ သူ့မိဘတွေရဲ့အကြောင်းကိုလည်း ပြောပြခဲ့ကာ ငယ်ရွယ်စဥ်က ဖခင်ဖြစ်သူရဲ့အလုပ်ကြောင့် Kansas မှာရှိတဲ့မိခင်ကို ဖိအားပေး ပြောင်းရွှေ့ခိုင်းခဲ့ရပြီးတဲ့နောက်မှာတော့ သူ့မိဘများရဲ့ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဆက်လက်ပြီး Rob က ” အဲဒီအချိန်မှာ ကျွန်တော့်အသက်က (၁၀) နှစ်ကနေ (၁၁) နှစ်အတွင်းမှာဆိုတော့အကြောင်းအရာအချို့ကို ကောင်းကောင်းမှတ်မိနေပါသေးတယ် “လို့ ပြန်လည်ပြောပြခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Rob ရဲ့ဖခင်နဲ့မိခင်ဟာ ကွာရှင်းခဲ့ကြပြီး အဲဒီအချိန်မှာ ဖခင်က သူ့ရဲ့သားတွေကို ခေါ်ယူစောင့်ရှောက်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် လူကြီးတွေဖြစ်သွားကြတဲ့အချိန် Rob နဲ့ သူ့အစ်ကိုဟာ ဖခင်ဖြစ်သူနဲ့ ငါးအတူမျှားရန် ခရီးတိုလေးတစ်ခုကို စီစဉ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာတော့ ဖခင်ဖြစ်သူဟာ အသက် (၈၀)အရွယ် ရှိနေခဲ့ပါပြီ။ သူတို့ညီအစ်ကိုနှစ်ယောက်အပေါ်ပြုမူခဲ့တာတွေကို အဲဒီခရီးစဉ်လေးမှာပဲ ဖခင်ဖြစ်သူက ပြန်လည်တောင်းပန်ခဲ့ပါတယ်။
နောက်နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး မသေခင်မှာတော့ သူတို့တွေ ပြန်လည်သင့်မြတ်စွာ နေထိုင်သွားခဲ့ကြပါတယ်။ Rob ဟာ အရင်တည်းက Youtube channel ကို လုပ်ဆောင်ဖို့အတွက် စဉ်းစားခဲ့ပေမယ့်လည်း မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူဟာ အချိန်အနည်းငယ်ပေးကာ ထို Youtube Channel လေးကို စတင်ဖြစ်ခဲ့ပါတယ်။ စာဖတ်ပရိသတ်တို့လည်း Rob ရဲ့ YouTube Channel လေးကို သွားရောက်အားပေးလိုက်ပါကြအုံးနော်။
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )