Lockdown ကာလအတွင်းမှာ အိမ်အပြင်မထွက်ရလို့ စိတ်ညစ်နေတဲ့ ခွေးကလေး

Pop လို့ခေါ်တဲ့ Bulldog အမျိုးအစားခွေးရဲ့ပိုင်ရှင်ဖြစ်သူ Rashida Ellis ကတော့ ဂျော်ဂျီယာနိုင်ငံ အတ္တလန်တာမြို့မှာနေထိုင်ပြီး ပွဲတက်ဝတ်စုံတွေချုပ်လုပ်တဲ့ ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။ ဂျော်ဂျီယာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေမှုကြောင့် ရုပ်ရှင်လုပ်ငန်းတွေ ရပ်နားနေရတာကြောင့် သူမအနေနဲ့ TV ၊ရုပ်ရှင် တွေအတွက် ဝတ်စုံချုပ်လုပ်တာကို ရပ်နားထားရပါတယ်။ ဒါပေမယ့်လည်း အဝတ်စားတွေကို အွန်လိုင်းမှတဆင့် ရောင်းချနေတာကြောင့် အိမ်တွင်းမှာတော့ အလုပ်များနေခဲ့ပါတယ်။

အိမ်မှာတော့ သူမတစ်ဦးတည်းနေထိုင်တာမဟုတ်ဘဲ ၃နှစ်သားအရွယ် ခွေးလေး Pop က သူမကိုအဖော်ပြုပေးနေပါတယ်။ ဒါပေမယ့် Quarantine ကာလမှာတော့ ခွေးလေး Pop ဟာ အိမ်မှာနေထိုင်ရတာ မပျော်ရွှင်ဘဲ ဖြစ်နေပါတယ်။ Ellis က “ ကျွန်မတို့လိုပဲ Pop ဟာလည်း ဒီကာလမှာ ဝမ်းနည်းနေပါတယ်၊ သူဟာ အရမ်းအိပ်ငိုက်နေတဲ့ အချိန်မှာတောင် အိမ်အပြင်ထွက်ပြီး လူတွေကိုလိုက်ရှာနေပါတယ်၊ သူ မပျော်မရွင် ဖြစ်နေတာကိုတော့ အသေချာပြောနိုင်ပါတယ်၊ သူကျွန်မနဲ့ ကစားနေရတာကို ငြီးငွေ့လာတာလည်း ဖြစ်နိုင်ပါတယ်”လို့ ပြောဆိုထားပါတယ်။

Pop ဟာ Ellis ရဲ့ ခြံထဲက မြက်ခင်းပြင်ပေါ်မှာ ကလေးများနဲ့ ကစားတာကိုနှစ်သက်တဲ့ခွေးလေးတစ်ကောင်လည်း ဖြစ်ပါတယ်။ Ellis က “ အခြားခွေးတွေကတော့ လူကြီးတွေကို နှစ်သက်ကြပေမယ့် သူကတော့ ကလေးတွေကိုပဲ ချစ်ပါတယ်၊ သူရဲ့ သူငယ်ချင်းကလေးတွေနဲ့ အခုလို ခွဲခွာနေရတော့ သူအရမ်းစိတ်ထိခိုက်နေပါတယ်။ ကျွန်မကတော့ သူ့ကို popsicle လို့ခေါ်ပြီး အားတင်းထားပါ Popsicle လို့ အမြဲအားပေးစကားပြောနေပါတယ်။

အင်္ဂါနေ့ညနေပိုင်းလောက်က ကျွန်မအလုပ်လုပ် နေတဲ့ အချိန် ခွေးလေး Pop ဟာ အဝေးမှာကစားနေကြတဲ့ ကလေးနှစ်ယောက် ကိုငေးကြည့်နေတာကို သတိထားမိပါတယ်။ Pop ဟာ ထိုကလေးတွေ သူ့ကိုသတိထားမိစေဖို့ ဆက်တိုက်ကိုဟောင်ကာ အသံပေးနေပေမယ့် သူတို့ကတော့ သတိမထားမိကြပါဘူး၊အဲဒီအခါမှ အိုဘုရားသခင် သူတော်တော် စိတ်မကောင်းဖြစ်နေတာဘဲ ဆိုတာကျွန်မသိလိုက်ရပါတယ်”လို့ ပြောဆိုထားပါတယ်။

ခွေးလေး Pop ရဲ့ ဝမ်းနည်းနေပုံနဲ့ စိတ်အားငယ်နေပုံတွေကို ဓာတ်ပုံရိုက်ကာ သူမရဲ့ Twitter ပေါ်သို့ မျှဝေလိုက်တဲ့ အချိန်မှာတော့ သူမရဲ့ပို့စ်ကို လူအများက အကြိမ်ထောင်ပေါင်းများစွာ မျှဝေခဲ့ကြကာ ခဏလေးအတွင်းမှာပဲ အမေရိကန်ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ tweet ပို့စ် ဖြစ်လာပါတယ်။ ပုံမှန်အားဖြင့် သူမဟာ ခွေးလေး Pop အကြောင်းပိုစ့် တင်ရင် ကြိုက်နှစ်သက်သူ နှစ်ယောက်လောက်သာရှိခဲ့ပြီး ယခုပိုစ့်ကတော့ နိုင်ငံတိုင်းလိုလိုကကြိုက်ခဲ့ကြတာပါ။

လူအများက ခွေးလေး Pop ရဲ့ အဖြစ်ကို သနားခဲ့ကြတာဖြစ်ပြီး ထိုထဲမှာ Game of Thrones ရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ Maisie Williams လည်းပါဝင်ခဲ့ပါတယ်။ ထိုနောက်မှာတော့ Twitter အသုံးပြုသူတွေဟာ သူတို့ရဲ့ခွေးလေးတွေ ဝမ်းနည်းနေပုံတွေကို မျှဝေလာကြကာ ထို topic ကတော့ Twitter မှာ ရေပန်းစားလာခဲ့ပါတယ်။ နာမည်ကြီး TV အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ Ellen နဲ့ အခြားသူများကလည်း Quarantine စည်းကမ်းများကိုလိုက်နာကာ မကြာခင် သူငယ်ချင်းများနဲ့ ပြန်ဆုံစည်းနိုင်ပါစေ ဟု Pop အားဆုတောင်းပေးခဲ့ကြပါတယ်။