ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရပြီး ရောဂါပြင်းထန်မှုကြောင့် အသားမည်းသွားတဲ့ ဝူဟန်မြို့မှဆရာဝန်နှစ်ဦး

တရုတ်နိုင်ငံက ဆရာဝန်နှစ်ယောက်ဟာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးခါနီးအခြေနေကနေ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ သူတို့ရဲ့အသားအရေဟာ အမည်းရောင်သို့ ပြောင်းသွားခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ထိုဆရာဝန်နှစ်ဦးဖြစ်တဲ့ Dr. Yi Fan နဲ့ Dr. Hu Weifeng တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဝူဟန်မြို့ရဲ့ဆေးရုံမှာ လူနာတွေကို ကုသပေးရင်း သူတို့ကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်ကို ကူးစက်ခံခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရပြီး မကြာမှီမှာပဲ သူတို့နှစ်ဦးရဲ့ အသားအရေဟာ တဖြည်းဖြည်းနဲ့ ညိုလာပြီး မည်းသွားခဲ့ပါတယ်။

Credit Photo

သူတို့ရဲ့ အရေပြားအရောင်ပြောင်းသွားခြင်းရဲ့ အကြောင်းရင်းကတော့ သူတို့ရဲ့ အသည်းကို ဗိုင်းရပ်က ဖျက်ဆီးလိုက်ကာ ဟော်မုန်း မညီမျှခြင်းတွေ ဖြစ်ပေါ်လာတာကြောင့် လို့ကုသပေးနေတဲ့ ဆရာဝန်ကဆိုပါတယ်။ Dr. Yi နဲ့ Dr. Hu တို့ဟာ Covid-19 ကူးစက်ရောဂါကို အန္တရာယ်ရှိကြောင်း ပထမဆုံး သတိပေးပြောကြားခဲ့တဲ့ ဆရာဝန်တစ်ဦးဖြစ်သူ Dr. Li Wenliang နဲ့လည်း လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပါတယ်။ Dr. Li Wenliang ကတော့ ဗိုင်းရပ်အကြောင်း ဖော်ပြသတိပေးမှုကြောင့် တရုတ်အစိုးရရဲ့ ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရသူဖြစ်ပြီး မကြာမှီမှာပဲ ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။

Credit Photo

Dr. Yi နဲ့ Dr. Hu ကိုတော့ ဇန်နဝါရီလ ၁၈ရက်နေ့ကတည်းက ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့ပါတယ်။ သူတို့နှစ်ဦးကို ‌ရောဂါစဖြစ်တဲ့ အချိန်မှာတော့ ဝူဟန်အဆုတ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Tongji ဆေးရုံ၏ Zhongfa Xincheng  ဌာနခွဲသို့လွဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းရဲ့ ဖော်ပြချက်များအရသိရပါတယ်။ နှလုံးအထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Yi ဟာ ကိုဗစ်ရောဂါခံစားနေရတဲ့ ဝေဒနာကြောင့် ECMO လို့ခေါ်တဲ့ အသက်ကယ်စက်အား ၃၉ ရက်ကြာအောင် တပ်ဆင်ထားခဲ့ရပါတယ်။ ECMO စက်ကတော့ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေ ကို အစားထိုးနေရာယူကာ သွေးထဲသို့ အောက်ဆီဂျင်ပို့လွတ်ပေးတဲ့ အသက်ကယ်စက်တစ်ခု ဖြစ်ပါတယ်။

Credit Photo

ပြီးခဲ့တဲ့ တနင်္လာနေ့က Dr. Yi ဟာ သူရဲ့ ကျန်းမာရေးအခြေအနေများကောင်းမွန်တိုးတက်လာပြီဟု CCTV သတင်းဌာနအား ပြောကြားခဲ့ပါတယ်။ သူဟာ ပုံမှန်အတိုင်း အိပ်စက်နိုင်နေပြီဖြစ်ပေမယ့် တစ်ယောက်ထဲလမ်းလျောက်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ Dr. Yi ဟာ ဒီဗိုင်းရပ်ကိုတိုက်ခိုက် နေရတဲ့ အချိန်မှာ သေချင်လောက်တဲ့ အထိ စိတ်ထိခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ “ကျွန်တော့်အနေနဲ့ကိုယ့်အခြေနေကိုကိုယ်သိပြီးနောက်မှာ အလွန်ပဲ ကြောက်လန့်ခဲ့သလို၊ အိမ်မက်ဆိုးတွေလည်း ခဏခဏ မက်ခဲ့တယ်” လို့ သတင်းထောက်အား ပြောပြခဲ့ပါတယ်။

Credit Photo

ထို့နောက် သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကျော်လွှားနိုင်အောင် ကြိုးစားခဲ့ပြီး၊ဆရာဝန်များကလည်း သူ့ကိုနှစ်သိမ့်အားပေးခဲ့ကြတယ် လို့ဆိုပါတယ်။ ယခုအချိန်မှာတော့ Dr. Yi အား ပုံမှန်ကုသဆောင်ကို ပြန်ပြောင်းရွေ့ကာ ဆက်လက်ကုသနေပါတယ်။ သူတို့နှစ်ဦးကိုတော့ ဆရာဝန်ကြီး Dr Zhan ကအထူးကြပ်မတ်ကုသပေးနေတာပဲ ဖြစ်ပါတယ်။ Dr. Yi မှ ယခုလို ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အတွက် Dr Zhan အားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ Dr Zhan က “ ကျွန်တော်ရဲ့ ရဲဘော်ရဲဘက်တွေကိုကယ်တင်ရမှာက ကျွန်တော့်ရဲ့ တာဝန်ပါဘဲ” လို့ ပြန်ပြောခဲ့ပါတယ်။Dr. Hu မှာတော့ ကျန်းမာရေးအခြေနေကြောင့် စကားမပြောနိုင်တာမို့ လက်အမူအရာနဲ့ သာ ကျေးဇူးတင်ကြောင်းပြောနိုင်ခဲ့ပါတယ်။

Credit Photo

ဆီးလမ်းကြောင်းဆရာဝန်ဖြစ်တဲ့ Dr. Hu ကတော့ အိမ်ယာထဲမှာလဲနေတာ ကြာပြီဖြစ်ကာ ကျန်းမာရေးအခြေနေတွေဟာလည်း အလွန်အားနည်းလှပါတယ်။Dr. Hu ကို ကုသနေတဲ့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Li Shusheng ကတော့ ဟူ ရဲ့ ကျန်းမာရေးအခြေနေတွေကို စိုးရိမ်မိကြောင်းပြောကြားခဲ့ပါတယ်။ Dr. Hu ဟာ စောင့်ကြည့်ဆရာဝန်တွေနဲ့လည်း စကားမပြောနိုင်သလို ဖေဖော်ဝါရီ ၇ရက်မှ မတ်လ ၂၂ရက်ထိ ECMO ကုထုံးနဲ့ ကုသခဲ့ပါတယ်။ ဒေါက်တာ Li Shusheng ကတော့ အစပိုင်း မှာ သူတို့ရဲ့ အသားအရောင်ပြောင်းသွားခြင်းဟာ ကုသဆေးတစ်မျိုးရဲ့ ဆိုးကျိုးကြောင့်လို့ ထင်ခဲ့ပါတယ်။ ဆေးတစ်မျိုးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဟာ အသားအရောင်ပြောင်းခြင်းကိုဖြစ်ပေါ်စေတဲ့ အချက်ကြောင့်လည်း ဖြစ်ပါတယ်။ ဆေးရဲ့ အမည်ကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ဒါပေမယ့် အသားအရောင်ပြောင်းတာဟာ အသည်းပျက်ဆီးသွားမှုကြောင့်ဖြစ်ပြီး အသည်းပုံမှန်အနေထားတိုင်း ပြန်ကောင်းလာပါက သူ့အသားရေမှာလည်း ပုံမှန်ပြန်ဖြစ်လာမယ်လို့ Li Shusheng က ခန့်မှန်းထားပါတယ်။

Video ကြည့်ရန်

Ref:Daily Mail

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***