
အမေဇုန်တောအုပ်နဲ့ အမေဇုန်မြစ်မှာ တွေ့ရှိရမယ့် ကြောက်စရာအကောင်းဆုံးသတ္တဝါ (၁၀) မျိုး
အမေဇုန် မြစ်နဲ့ သူ့ကို ဝန်းရံထားတဲ့ မိုးသစ်တောကြီးက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမျိုးကွဲများစွာထဲက တချို့သော မျိုးစိတ်တွေရဲ့ နေထိုင်ရာ အိမ်ဖြစ်ပါတယ် ။ ကမ္ဘာကြီးရဲ့ အရှည်ဆုံး မြစ်ထဲက တစ်စင်းဖြစ်တဲ့ အမေဇုန်မြစ်မှာတော့ သားရဲတိရိစ္ဆာန်မျိုးကွဲပေါင်းစုံ ကြွယ်၀စွာ မှီတင်းနေထိုင်လျက်ရှိပါတယ် ။ တချို့ကတော့ အရမ်းကိုလှပပြီး တချို့ကတော့ အင်မတန် ကြောက်စရာကောင်းလှပါတယ် ။
ထူးဆန်းလှတဲ့ အမေဇုန်က သတ္တဝါတွေကတော့ အိပ်မက်ဆိုးမက်ရလောက်တဲ့ထိကို ကြောက်စရာကောင်းလွန်းပါတယ် ။ ကြည့်လိုက်ရင် အန္တရာယ် မပေးလောက်ဘူးထင်ရပေမယ့် တကယ်တမ်းမှာတော့ လူကိုသေစေနိုင်လောက်တဲ့ထိ အန္တရာယ်ကြီးမားလှတဲ့ သတ္တဝါမျိုးတွေကိုတော့အတတ်နိုင်ဆုံးရှောင်ရှားရအောင် ‘ အမေဇုန်ရဲ့ ကြောက်စရာအကောင်းဆုံး သတ္တဝါများ ‘ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ စုစည်းတင်ဆက်ပေးလိုက်ပါရစေ။
၁။ မျှော့ဘုရင်
tyrant king leech လို့ခေါ်တဲ့ မျှော့ဘုရင်က သုံးလက်မသာရှည်လျားပေမယ့် အင်မတန်ကြောက်စရာကောင်းလှပါတယ် ။ သူ့ရဲ့ ကြီးမားချွန်ထက်နေတဲ့ သွားတွေကို အသုံးပြုပြီး သားကောင်ကို စားသုံးဖို့အတွက် သားကောင်ရဲ့ ခန္ဓာကိုယ်မှာ အပေါက်တွေကို ကိုက်ဖောက်ပါတယ် ။ နိုးတိုက်သတ္တဝါတွေရဲ့ ဒွါရအပေါက်တွေဖြစ်တဲ့ မျက်လုံးတွေ လိင်အင်္ဂါနဲ့ မစင်ပေါက်တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး သားကောင်ရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်နိုင်ပြီဆိုတာနဲ့ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး သားကောင်ကို စားသုံးပါတယ်။
၂။အစိမ်းရောင် အန်နာကွန်ဒါ
green anacondas (အစိမ်းရောင် အန်နာကွန်ဒါ ) ကြီးတွေကတော့ တောင်အမေရိကတစ်လျှောက် နေထိုင်ကျက်စားကြပါတယ် ။ သူတို့ရဲ့ မူလနေထိုင်ကျက်စားရာနေရာကတော့ ရွှံ့အိုင်တွေ စိမ့်တောတွေ မြစ်တွေဖြစ်တဲ့အတွက် အမေဇုန်ကတော့ သူတို့အတွက် သေချာပေါက် ပျော်မွေ့ရာ အိမ်လေးဖြစ်ပါတယ် ။ ဒီမြွေမျိုးတွေက အရွယ်အစားကြီးမားလှပြီး အရှည်အားဖြင့် ပေ ၃၀ထိ ရှိနိုင်သလို ပေါင် ၅၅၀ ထိလေးတတ်ပါတယ် ။ ဒီအန်နာကွန်ဒါမြွေမျိုးတွေက ကုန်းပေါ်မှာတော့ သူတို့ရဲ့လေးလံတဲ့ခန္ဓာကိုယ်ကြောင့် လှုပ်ရှားရခက်ခဲသဖြင့် လူတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုမျိုး မဖြစ်နိုင်ပေမယ့်လည်း ရေထဲမှာဆိုရင်တော့ လုံး၀ကိုကွဲပြားခြားနားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာနိုင်ပါတယ် ။ သူတို့ဟာရေထဲမှာဆိုရင် အင်မတန်လျင်မြန်တဲ့ အရှိန်နဲ့ တိုက်ခိုက်နိုင်ပြီး ဦးခေါင်းအပေါ်ပိုင်းမှာ ပါရှိတဲ့ အထူးအပေါက်ငယ်လေးကြောင့် ရေထဲမှာ လုံး၀ငုပ်နေနိုင်ပါတယ် ။ သားကောင်ကို အတည်ပြုပြီး ခြုံခိုတိုက်ခိုက်ပြီဆိုတာနဲ့ အန်နာကွန်ဒါမြွေတွေက သူတို့ရဲ့ ကြီးမားတဲ့ ကိုယ်လုံးကြီးနဲ့ သားကောင်ကို ရစ်ပတ်ပြီး သေစေနိုင်လောက်တဲ့ အင်အားနဲ့ညှစ်ပစ်တာပါ ။ သူတို့ဟာကျားသစ်တစ်ကောင်ကိုတောင် အေးအေးဆေးဆေး မြိုနိုင်စွမ်း ရှိပါတယ်တဲ့။
၃။အမေဇုန် ကင်းခြေများ
ကြီးမားတဲ့ အင်းဆက်ထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ အမေဇုန်ကင်းခြေမြားဟာဆိုရင် အရွယ်ရောက်ပြီးသား အကောင်တစ်ကောင်ဟာ တစ်ပေထိကို ရှည်လျားနိုင်ပါတယ် ။ သူတို့ကို အမေဇုန်မြစ်နားတစ်ဝိုက်မှာ ပြေးလွှားနေတာကို မြင်ရတတ်ပြီး မြစ်နားက တွားသွားသတ္တဝါတွေ ကုန်းနေရေနေသတ္တဝါတွေနဲ့နို့တိုက်သတ္တဝါ အသေးစားလေးတွေကို အမဲလိုက်တတ်ကြပါတယ် ။ သူရဲ့ဦးခေါင်းမှာ ပါရှိသော ချွန်ထက်လှတဲ့ အစွယ်ကို သုံးကာ သားကောင်ထဲကို အဆိပ်ထိုးသွင်းပြီး သတ်ဖြတ်တာပဲဖြစ်ပါတယ်။
၄။Candirus ( စန်ဒီးရပ်စ်)

Candiru က အမေဇုန်မြစ်နားမှာ နေထိုက်ကျက်စားတဲ့ ကပ်ပါးကောင်ပုံစံအမျိုးအစား ငါးတစ်မျိုးဖြစ်ပါတယ် ။ သူက သေးငယ်ပြီး အလျားကလည်း မီလီမီတာ အရွယ်အစားသာ ရှိပါတယ် ။ သူနဲ့ပတ်သက်ပြီး ကြောက်စရာကောင်းတာကတော့ သူ့ရဲ့ အစာစားသုံးတဲ့ နည်းလမ်းပဲဖြစ်ပါတယ် ။ ဒီကပ်ပါးငါးဟာ သူ့ထက်အရွယ်အစားကြီးမားလှတဲ့ ငါးကြီးတွေရဲ့ ပါးဟပ်ထဲကို တိုးဝင်ပြီး မှီခိုစားသုံးတာပဲဖြစ်ပါတယ် ။ ငါးတွေကို စားသုံးတာမလို့ သင်နဲ့မဆိုင်ဘူးထင်ရပေမယ့် ရေကူးတဲ့သူတွေရဲ့ ခန္ဓာကိုယ်အပေါက်တွေထဲကို တိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်ကို သင်ကြားပြီးရင်တော့ အတွေးပြောင်းချင်ပြောင်းသွားမှာပါ။
၅။Black Caiman (အမေရိကန်မိကျောင်း)
အမေဇုန်မြစ်ရဲ့ နောက်ထပ်ကြောက်စရာအကောင်းဆုံး သတ္တဝါတစ်ကောင်ကတော့ Black Caiman လို့ခေါ်တဲ့ မိကျောင်းတစ်မျိုးပဲဖြစ်ပါတယ် ။ သူ့ရဲ့ အမဲရောင်ခန္ဓာကိုယ်ကြောင့် ညဘက်အမဲလိုက်တဲ့နေရာမှာ ကိုယ်ရောင်ဖျောက်ထားနိုင်ပြီး သားကောင်ကို ရေထဲကနေ အလစ်အငိုက်တိုက်ခိုက်နိုင်ပါတယ် ။ သူဟာ ဒေသခံတွေအတွက်တော့ ကြီးမားတဲ့ အန္တရာယ်ဖြစ်ပြီး မြစ်ကမ်းပါးမှာအလုပ်လုပ်တဲ့သူတွေကို တိုက်ခိုက်လေ့ရှိတယ်လို့ သိထားပါတယ်။
၆။ Bull Sharks (ကျွဲငါးမန်း)
ဟုတ်ပါတယ် အမေဇုန်မြစ်ထဲမှာ ငါးမန်းတွေရှိပါတယ် ။ မြစ်တစ်လျှောက် ဒီ bull sharks တွေကို မိုင်ပေါင်း ၂၅၀၀ ထိ တွေ့ရပြီး ဒေါသကြီးတတ်တဲ့ ငါးမန်းအမျိုးအစားထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ် ။ ၁၁ပေလောက်ထိကြီးထွားနိုင်ပြီး ရေတိမ်ကို နှစ်သက်တတ်တာကြောင့် ရေချိုးဆင်းမယ့်လူတွေကတော့ တော်တော်လေး သတိထားသင့်ပါတယ်။
၇။Goliath Birdeaters
လူတွေတော်တော်များများက အိမ်မှာရှိတဲ့ ပင့်ကူတွေကို ကြောက်တတ်ကြပါတယ် ။ သူတို့တွေသာ ခွေးပေါက်လေးတစ်ကောင်နီးပါးအရွယ်အစားရှိတဲ့ ပင့်ကူအမျိုးအစားကို တွေ့လိုက်ရရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်လိုက်ပါ ။ ခန္ဓာကိုယ်အလျားအားဖြင့် ငါးလက်မရှိပြီး ခြောက်အောင်စလေးပါတယ် ။ ပင့်ကူတွေကို အများအားဖြင့် အမေဇုန်မြစ်နားက ရွှံ့တော စိမ့်တောတွေမှာ တွေ့ရတတ်ပြီး ညအချိန်တွေမှာ သားကောင်ကို ဖမ်းဖို့အတွက် မြေအောက်မှာ ပုန်းခိုနေတတ်ပါတယ် ။ လူသားတွေအတွက် အန္တရာယ်မရှိဘူးဆိုပေမယ့်လည် အနားကပ်လာတဲ့အချိန် သူတို့ရဲ့ အမွှေးအမျှင်တွေကို ခြွေချတတ်တာကြောင့် ရက်အတော်ကြာ အရေပြားယားယံမှုဖြစ်ပေါ်စေနိုင်ပါတယ်။
၈။လျှပ်စစ်ဓာတ်ထုတ်လွှတ်တဲ့ ငါးရှဉ့်

ဒီငါးရှဉ့်ကတော့ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကနေ လျှပ်စစ်ဓာတ် ထုတ်လွှတ်နိုင်ပါတယ် ။ electric shock ဟာ မီလီစက္ကန့်ပိုင်းအတွင်းမှာတင် ဗို့အား ၆၀၀ ထိပြင်းအား ရောက်ရှိနိုင်ပြီးတော့ သေတော့မသေနိုင်ပေမယ့် ထုံထိုင်းစေတဲ့ နာကျင်မှုမျိုး ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီ ငါးရှဉ့်က ရှစ်ပေထိရှည်လျားပါတယ်။
၉။အဆိပ်ရှိသော ဖား
တောင်အမေရိကရဲ့ အပူပိုင်းတောအုပ်ထဲမှာ အဆိပ်ရှိဖားအမျိုးအစားများစွာရှိပါတယ် ။ ဖြတ်ခနဲကြည့်လိုက်ရင် သူတို့အရောင်လေးတွေက ချစ်စရာကောင်းနေပြီး အန္တရာယ်မပေးနိုင်သလိုပါပဲ ။ ဒါပေမယ့် ဒီကောင်လေးတွေက ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးသတ္တဝါတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ သူတို့ရဲ့ တောက်ပတဲ့အရောင်တွေက သတိပေးချက်တစ်ခုအနေနဲ့ ဆောင်ရွက်ပြီး အရေပြားကနေတစ်ဆင့် အဆိပ်တွေကို ထုတ်လွှတ်ပါတယ် ။ အဆိပ်ရှိဖားတစ်ကောင်ဟာ တစ်ခါထဲထိလိုက်ရုံနဲ့ လူကြီး၁၀ယောက်လောက်ကို သေစေနိုင်ပါတယ်။
၁၀။ ဗိုက်နီ ပီရားနား (Red Bellied Piranhas)
ပီရားနားငါးတွေက ကမ္ဘာပေါ်က ငါးတွေထဲမှာ အဆိုးရွားဆုံး ဂုဏ်ပုဒ်ကိုရထားတဲ့ ငါးတွေပဲဖြစ်ပါတယ် ။ သူတို့ဟာ ဘယ်တိရိစ္ဆာန်ကိုမဆို မိနစ်ပိုင်းအတွင်းမှာ စုတ်ဖြဲကိုက်ဖြတ်စားသောက်ပစ်တဲ့ ကြောက်ဖို့အကောင်းဆုံး လူသတ်သမားတွေပါ ။ ဒါပေမယ့် အများစုကတော့ အမေဇုန်မြစ်ရေနက်ပိုင်းတွေမှာ သားကေင်တွေကို သတ်ဖြတ်စားသောက်ဖို့ ချောင်းမြောင်းနေတတ်ပါတယ် ။ အပ်တွေလိုချွန်ထက်နေတဲ့ သွားတွေနဲ့ သူတို့ပုံစံက ကြောက်ဖို့ကောင်းနေတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းလို့မရပါဘူး။