
ခြင်္သေ့ကို ခုခံတိုက်ခိုက်ပြီး သခင်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တဲ့ ခွေးလေးအီဗာ
ဆာကရာမန်တိုနားက ကျေးလက်ဒေသမှာ နေထိုင်တဲ့ အီရင် ဝီလ်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ တနင်္လာနေ့ နေ့လည်ပိုင်း မြစ်နားမှာ သူမရဲ့ ခွေးလေး အီဗာနဲ့ လမ်းလျှောက်ထွက်နေတုန်း ရုတ်တရတ် တောင်ခြင်္သေ့တစ်ကောင်က သူ့ကို ခုန်အုပ်ခဲ့ပါတယ်တဲ့။ တောင်ခြင်္သေ့ရဲ့ ရက်ရက်စက်စက်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးက သူ့အသက်ကို အိမ်မွေးခွေးလေးကတောင်ခြင်္သေ့ကြီးကို ခုန်အုပ်ကာ ပြန်လည်ခုခံတိုက်ခိုက်ပြီး ကယ်တင်ခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။
တောင်ခြင်္သေ့ရဲ့ တိုက်ခိုက်မှုကြောင့် ဝီလ်ဆန်ရဲ့ ဘယ်ဘက် ပခုံးဟာ ဂျာကင်အင်္ကျီဝတ်ထားတဲ့ကြားက ဒဏ်ရာရခဲ့တယ်လို့ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ ဝီလ်ဆန်အော်လိုက်တဲ့အချိန်မှာ နှစ်နှစ်ခွဲအရွယ်သာရှိသေးတဲ့ ဘယ်လ်ဂျီရန် မာလီနို့စ် အမျိုးအနွယ်ဝင် ခွေးလေး အီဗာဟာ ခြင်္သေ့ကို တိုက်ခိုက်ဖို့ တဟုန်ထိုး ပြေးလာခဲ့တယ်လို့ တောင်ရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ က ကပ္ပတိန် ပက်ထရစ်ရဲ့ ပြောစကားအရ သိရှိခဲ့ရပါတယ်။ ” ခွေးနဲ့ ခြင်္သေ့နဲ့ တော်တော်လေး ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်ခဲ့ကြတာ ” လို့လည်း ဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ခြင်္သေ့ဟာ ခွေးရဲ့ လည်ကုပ်ကို ကိုက်ဆွဲခဲ့တယ်။ ဝီလ်ဆန်ကတော့ အဲဒီအချိန်မှာ သူဟာ ခြင်္သေ့ကို ကျောက်တုံးတွေ တုတ်ချောင်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီး သူ့မျက်လုံးကို ထိုးဖောက်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်တဲ့။ သူလည်း ခြင်္သေ့ရဲ့ နောက်ခြေထောက်နဲ့ အကန်ခံရပြီး ကုတ်ခြစ်ခံခဲ့ရပါတယ်။
သူ ခြင်္သေ့ကို မနိုင်မှန်းသိတော့တဲ့အချိန် သူဟာ အဝေးပြေးလမ်းမကြီးပေါ်ကို ပြေးတက်သွားခဲ့ပြီး ဖြတ်သွားဖြတ်လာလူတွေကို ရှာရွန် ဟော်စတန်ဆီ အကူအညီတောင်းပေးဖို့ ပြောခဲ့ပါတယ်။ အဲဒီနေရာမှာ နေတဲ့ ဟော်စတန်က ရောက်လာပြီး လေးပေအရှည်ရှိတဲ့ PVC ပိုက်လုံးရယ် ငရုပ်ကောင်း စပရေးရယ် ယူပြီး ရောက်လာခဲ့ပါတယ် ။
သူတို့အတူတူ ခြင်္သေ့ကို ထွက်ပြေးသွားတဲ့ထိ မောင်းထုတ်နိုင်ခဲ့ကြပါတယ်။ ဝီလ်ဆန်က ဒေသခံသတင်း ဌာနကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ ပထမတော့ အီဗာ့ကို ကြည့်ပြီး သူအဆင်ပြေတယ်လို့ ထင်ခဲ့တာ ဒါပေမယ့် အနီးကပ်ကြည့်လိုက်တော့မှ မျက်နှာမှာ ကိုက်ထားတဲ့ ဒဏ်ရာတွေရထားတယ်ဆိုတာကို သိလိုက်ရတာ ”
ကုတ်ရာတွေနဲ့ အညိုအမဲတွေ စွဲနေတဲ့ အီဗာဟာ သူ့ပါးစပ်ကနေ သွေးထွက်နေတယ်ဆိုတာ ဝီလ်ဆန်က သတိထားမိသွားပြီး ကားပေါ်ပြေးတက်ကာ ရက်ဒင်းကနေ တစ်နာရီခွဲလောက် မောင်းရတဲ့ အနီးဆုံး တိရိစ္ဆာန်ဆေးခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အီဗာဟာ ကားမောင်းနေတဲ့အချိန်အတွင်း တက်နေတယ်လို့ ဝီလ်ဆန်ပြောပြခဲ့ပါတယ်။
ရန်ပုံငွေ page တစ်ခုဖြစ်တဲ့ Gofundme အရတော့ ဝီလ်ဆန်က သူမရဲ့ ခွေးလေးအီဗာ့ ဆေးကုသစရိတ်တွေကို ကာမိအောင် ရန်ပုံငွေ တောင်းခံခဲ့ပါတယ်တဲ့ ။ အီဗာကတော့ ဦးခေါင်းခွံရိုးနှစ်ခု ကွဲအက်ပြီး ဦးခေါင်းအတွင်း ထိုးဖောက်ဒဏ်ရာရရှိထားတဲ့အပြင် ဘယ်ဘက် မျက်လုံး ထိခိုက်မှုကြောင့် အမြင်အာရုံလည်း ချို့ယွင်းနေပါတယ်။
ရန်ပုံငွေပွဲလေးမှာလည်း တစ်ညထဲနဲ့ ဒေါ်လာ ၂၄၀၀၀ လောက်ထိ ရရှိခဲ့ပါတယ်။ ” ကျွန်မခွေးလေးက ကျွန်မ ရဲ့ သူရဲကောင်းလေးပါ သူက ကျွန်မ အသက်သခင်ကျေးဇူးရှင်ပါ သူကျွန်မအပေါ် ဒီလောက်ထိ သစ္စာရှိမယ်လို့ မထင်ထားခဲ့တာပါ “လို့ ဝီလ်ဆင်က သတင်းဌာနကို ရင်ဖွင့်ခဲ့ပါသေးတယ် ။